Tuesday, September 25, 2007

Our Heros Inside Burma

၂၅-၉-၀၇

ပြည်သူ့ဆရာဝန်များ နှင့် ကျန်းမာရေးဝန်ထမ်းများ ဘာတွေလုပ်နေသလဲ

ယခုရက်ပိုင်းတွင် နိုင်ငံတကာ သတင်းဌာနများ နှင့် ဘလော့ဂ်များတွင် မြန်မာပြည်ဆိုင်ရာ သတင်းများက ဖုံးလွှမ်းသွားသည်။ CMPP အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ထိုသတင်းများထဲတွင် ကျန်းမာရေးဝန်ထမ်းများ နှင့် ဆက်ဆိုင်သည့်သတင်းများကို စိတ်ဝင်တစား လေ့လာမိ၏။ နေရာစုံ ထောင့်စုံမှ ပါဝင်နေသည်ကို အထူးသတိပြုမိသည်။

တိုင်းသိ ပြည်သိ ဇာဂနာ (ကိုသူရ) သည် အနုပညာလောကတွင် ကျင်လည်နေသော်လည်း သွားဆရာဝန် တစ်ဦးအဖြစ် ပညာသင်ခဲ့သူဖြစ်သည်။ သူက ယနေ့ပြည်သူ့ လှုပ်ရှားမှုတွင် ရှေ့တန်းက ဦးဆောင်နေသည်။ ဆွမ်းကပ်လှူပွဲတွင် ပါဝင်ကူညီနေသော စာရေးဆရာမ၊ Teen မဂ္ဂဇင်းထုတ်ဝေသူ မသီတာ (စမ်းချောင်း) သည်လည်း ဆရာဝန်တစ်ဦးပင်။ လူငယ် ခြေတက်များထဲမှ သီချင်းရေးဆရာ၊ အဆိုတော် ဆောင်းဦးလှိုင်သည်၎င်း၊ ဆရာဝန် ပူပူနွေးနွေး အဆိုတော် ဖြူဖြူကျော်သိန်းသည် ၄င်း ပြည်သူများ နှင့် တသားတည်းရှိကြောင်း မီဒီယာကို ပြောကြားခြင်း၊ သံဃာများအား ဆွမ်းကပ်လှူခြင်းများဖြင့် ပြသကြသည်။ ရန်ကုန်မြို့ရှိ ဆေးကျောင်းသားများကလည်း သံဃာတော်များ သွားရာလမ်းတလျောက် လိုက်ပါစောင့်ရှောက်ကြသည်ဟု ကြားသိရသည်။ တောင်တွင်းကြီးမြို့တွင် ဆန္ဒပြသူများကို ဆရာဝန် သူနာပြုများက ဆေးကုသပေးကြောင်း သတင်းနားထောင်ရသည်။ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ သူနာပြု တစ်ဦးက စစ်တပ်ကတော့ ဆေးရုံတွေကို ရှင်းခိုင်းနေပြီ ဟု တာဝန်သိစွာဖြင့် သတင်းပေးလာသည်။ ထိုသတင်းများကား ရေခဲတုံး၏ ရေပေါ်တွင် ပေါ်နေသော အပိုင်းမျှသာရှိမည်ကို ယုံမှားသံသယမရှိ။ အနယ်နယ်အရပ်ရပ်တွင် ငြိမ်းချမ်းသွာ ဆန္ဒပြသူများကို အဖက်ဖက်မှ ကူညီနေသော ကျန်းမာရေးဝန်ထမ်းများ တောင်ပုံရာပုံ ရှိနေမည်မှာ သေချာသလောက်ပင်။ အမည်ဖော်ပြ ချီးကျူးခြင်းငှာ မစွမ်းသာ၍ ထိုကျန်းမာရေးဝန်ထမ်း အားလုံးကို လေးစားဂုဏ်ယူမိကြောင်း ဤဘလော့ဂ်မှ နေ၍သာ ရေးသားလိုက်ရသည်။

ထို့ပြင် အခြား သတင်းကောင်းများလည်း ရှိသေးသည်။ မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦး၏ ဘလော့ဂ်က ဟင်နရီဒူးနန့်စိတ်ဓါတ်၊ ရှေးဦးသူနာပြုစုနည်းများ စသည်တို့ကို ရေးသားသည်။ ကြက်ခြေနီ အများစုမှာစွမ်းအားရှင်အမျိုးအစားတွင် ပါဝင်ခြင်း မရှိကြောင်း ထောက်ပြသည်။ အခြားတစ်ဦးကလည်း အရေးပေါ် အသက်ရှုအားကူနည်း မည်သို့ဆောင်ရွက်ရမည်ကို ရေးသားသည်။ လက်ရှိအစိုးရကလည်း ဆန္ဒပြသူများကို အကြမ်းဖက်ခြင်း မရှိသေးချေ။ (ဤအပြုအမူကို ကျွန်ုပ်တို့ CMPP အဖွဲ့ဝင်များ အနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုသည်။ ဆက်လက်ပြီးလည်း အကြမ်းမဖက်ပဲ ကိုင်တွယ်ဖြေရှင်းသွားပါရန် လက်ရှိအစိုးရကို မေတ္တာရပ်ခံပါသည်။)

အကောင်း နှင့် အဆိုးကား ဒွန်တွဲလျက်ရှိ၏။ လက်ရှိ မဆိုးလှသောအနေအထား ဖြင့်ပင် ကျေနပ်နေဖို့တော့ မသင့်ပါ။ သာသနာရေးဝန်ကြီးက ဓါးကြိမ်းကြိမ်းနေသည်။ စစ်ကားများက မြို့တွင်းတွင် ဟန်ရေးပြနေသည်။ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက အလှူပြုရင်း သွေးတိုးသဖြင့် အိမ်ပြန်နားရသည်။ သံဃာတော်များ မိုးထဲ နေထဲ တနေကုန် ပင်ပင်ပန်းပန်း ကြွချီပြီး ကျောင်းတိုက်ပြန်ရောက်လျင် ဆေးခန်းသွားချိန်မရှိတော့။ ဤအခြေအနေတွင် ကျန်ရှိနေသေးသော ကျန်းမာရေးဝန်ထမ်းများ နှင့် ဆရာဝန်များသည်လည်း သံဃာတော်များ နှင့် ဆန္ဒပြသူများကို ကျန်းမာရေးကိစ္စများတွင် ပိုမို စောင့်ရှောက်ပေးကြရန် တိုက်တွန်းပါသည်။

Curious observer

CMPP

No comments: